Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Sunday, May 24, 2009

အမေဇုံနားပေါက်





အမေဇုံထံ
တရန်နားကပ်
ရှိပါသည် ။



တစ်ခါတလေ
အမေဇုံနား ၊ အမေဇုံပါး

နားပေါက်ဟောင်းလောင်း

တွေ့ပါသည် ။



အမေဇုံတဲ့

ခုံမင်လေးစား ၊ သူ့လင်သားပေါ်

ထားခဲ့သစ္စာ ၊ ချစ်သဒ္ဓါနဲ့

မေတ္တာမပျက် ၊ ရှေးရေစက် ။



အိမ်ဦးနတ်ရဲ့
ကြပ်မတ်လမ်းညွှန် ၊ ကျိုးနွံဇနီး

သမီးနဲ့သား ၊ အိမ်စီးပွားကို

တတ်အားသမျှ ၊

နေ့ညမနား ၊ သူမအား ။



နံနက်ခင်းဆို

ထင်းမီးစထိုး ၊ ဒယ်တစ်အိုးနဲ့

မုန့်မျိုးစုံရောင်း ၊ သူမညောင်း ။



နေ့လယ်နေ့ခင်း

ပျင်းမနေအား ၊ သမီးသားနဲ့

ဖက်များ အစီးခံ ၊ သူလုံးပြန် ။



အိမ်တွင်းမှုလုပ်

သိမ်းထုပ်သေချာ

ကြိုးကုတ်ပါသည် ။

လင်ပါဆွေမျိုး ၊ သူ့ဆွေမျိုး ။

ခင်ရာဆွေမျိုး ၊ သူမညှိုး ။



အမေဇုံတို့ခေတ်

ရွှေမဖြစ်လည်း ၊ ရွှေဖြစ်အောင်စု

သူ့ခေတ်သူ့ခါ ၊ တစ်ဆင်စာရွှေ

ရင်မှာစေ ၊ အမေဝတ်ဖူး

အိမ်ထောင်ဦးမှာ

ကြည်နူးရွှင်ပျဆင်တိုင်းလှ ။



မရှိဝမ်းစာ
ရှိတတ်ဆာပေါ့ ၊ ရွှေဆိုတာဝေး

ရှင်မှာ ဆွေးလည်း

ကလေးခြောက်ယောက်

လူလားမြောက်ရန်

အံ့လောက်အံခဲ

အမေ့ဇွဲကြောင့် အမြဲမပြတ်

တဖျပ်ဖျပ်နဲ့

နားကပ်တစ်ရန် ၊ ရှိတတ်ပြန် ။



ဒါပေမယ့်လေ

မေတို့အိမ် ၊ ဧည့်လာချိန်ဆို

ချိုသာစိတ်ရင်း ၊ဧည့်ခံခြင်းနဲ့

အိမ်တွင်းဘတ်ဂျက် ၊

နားနှစ်ဖက်က

လက်တွေ့သက်သေ ၊
ပြတတ်နေ ။



ဒီမှာအဆွေ

အမေဇုံနားပေါက်

သဘောပေါက် ။

Saturday, May 23, 2009

ဝဋ်မှာအမြဲငရဲမှာအပ

ဦးလွန်းမြိုင်နှင့် ဒေါ်လေးခင်တို့ မှာ ရန်ကုန်မြို့ (....)ရပ်ကွက်တွင် နေထိုင်ကြပြီး
သားတစ်ယောက်နှင့် သမီးတစ်ယောက် တို့ရှိကြသည် ။ ဦးလွန်းမြိုင်မှာ သူ့မိသားစုကို လက်သမားအလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေးခဲ့ရာ သားကြီးဖြစ်သူမောင်မောင်ဦးမှာ ပညာကိုကြိုးစားမှုမရှိဘဲ ၁၆နှစ်ပြည့်သည့်တိုင် အဌမတန်းက မတက်နိုင်သေးဘဲရှိနေ၏ ။



သမီးဖြစ်သူ ခင်လေးနွယ်မှာမူ ပညာကြိုးစား သင်ယူမှုကြောင့် တစ်နှစ်တစ်တန်းကို မှန်မှန်တက်ကာ အတန်းတိုင်းကပထမနေရာကပင် အောင်မြင်ခဲ့သဖြင့် ယခုအသက် ၁၄နှစ်တွင် အဌမတန်းသို့ပင်ရောက်ရှိနေပေပြီ ။



ဦးလွန်းမြိုင်မှာ လက်သမားအလုပ်ကို ကြိုးစားလုပ်ကိုင်နေရင်းမှ တစ်နေ့တွင် ငြမ်းပေါ်မှခြေချော်ကျကာ အသက်ဆုံးရှုံးသွားရှာပေသည် ။ လုပ်ငန်းခွင်မှ ဝိုင်းဝန်းကူညီပံ့ပိုးသော ထောက်ပံ့ငွေများ ထိုက်ထိုက်တန်တန် ရလိုက်ပါ၏ ။ သို့သော်လည်း မိခင်မသိအောင် သားဖြစ်သူမောင်မောင်ဦးမှ ခိုးယူကာအသောက်အစားနှင့် လောင်းကစားပြုမှုတို့ကြောင့် ရရှိထားသောငွေများ တက်တက်စင်ပြောင်သွားလေသည် ။


ဒေါ်လေးခင်မှာ မိသားစု စားဝတ်နေရေးနှင့် သမီးလေးပညာရေးအတွက် ဟင်းသီးဟင်းရွက် ရောင်းကာ အိမ်စရိတ်ရှာဖွေရလေသည် ။ မောင်မောင်ဦးမှာ ကျောင်းလည်းမှန်မှန်မတက် ပညာရေးကိုလည်း ဂရုမပြုဘဲ အသောက်အစားနှင့် လောင်းကစားဖက်တွင် အလွန်အကြူးခုံမင်ပြီး အိမ်အတွက်ဘာမှ ထည့်မစဉ်းစားသဖြင့် တစ်နေ့တွင် မိခင်ဖြစ်သူဒေါ်လေးခင်က . . .

" သားရယ်မင်းကအကြီးဖြစ်ပြီး ကျောင်းလဲမတက် စာလဲမကြိုးစားမယ့်အတူတူ ကျောင်းထွက်ပြီး အမေ့ကိုဝိုင်းကူပါလား ၊ မင်းညီမလေးကပညာတော်တော့ သူ့ကိုအမေတို့က ဝိုင်းဝန်းပြီးပံ့ပိုးပေးရမှာပေါ့ "


" အိုဗျာ သူပညာတော်လို့ ပညာတတ်ဖြစ်သွားလဲ သူ့လင်နဲ့ သူသားသမီးကိုလုပ်ကျွေးမှာ ၊ ကျုပ်တို့ကကြားထဲက အပင်ပန်းမခံနိုင်ပါဘူး " ဟု မိခင်ကိုပြန်ပြောပြီး အိမ်ပေါ်မှ ထွက်သွားလေးတော့သည် ။


" အင်း . . . .တော်တော်ပြောရခက်တဲ့ သူငယ်ပဲ " ဟု ညည်းထွားကာ ဒေါ်လေးခင်မှာ သားဖြစ်သူ၏ နောက်ကျောကိုကြည့်ရင်း ငေးမောကျန်ခဲ့လေသည် ။


ဒေါ်လေးခင်မှာ သားဖြစ်သူ၏ကူညီပံ့ပိုးမှုလည်းမရ ၊ သမီးဖြစ်သူမှာလည်း တစ်နှစ်ထက်တစ်နှစ် အတန်းကကြီးလားသည်နှင့်အမျှ ကုန်ကျစရိတ်က မြင့်လားလာသဖြင့် ဟင်းသီးဟင်းရွက်ရောင်း သောအလုပ်ကိုစွန့်လွှတ်ပြီး ကြက်သားရောင်းလေတော့သည် ။


" မေမေရယ် ကြက်သားရောင်းတဲ့ အလုပ်ကိုတော့ မလုပ်ပါနဲ့ "
" သမီးက မေမေ ကြက်သားရောင်းတာ ရှက်လို့လား "
" ရှက်လို့မဟုပ်ပါဘူး ၊ သမီးအတွက်နဲ့ အမေငရဲခံရမှာစိုးလို့ပါ "
" အို ဝဋ်မှာအမြဲ ငရဲမှာအပတဲ့ ၊ မရှိဆင်းရဲတုန်း ဒီအလုပ်လုပ်ပြီး အားလုံးအဆင်ပြေတော့လဲ မေမေ ဒီအလုပ်ကို ဆက်မလုပ်တော့ဘူးပေါ့ သမီးရယ် "
"ဘာပဲဖြစ်ဖြစ် မေမေရယ် ၊ သမီးအတွက်နဲ့တော့ ဒီကြက်သားရောင်းတဲ့ အလုပ်ကို မလုပ်ပါနဲ့ ၊ သမီးအလုပ်တစ်ခုခုရှာပြီး လုပ်ကျွေးပါ့မယ် "
" ဒီမယ်သမီး ဒီစကားမျိုးဒီတစ်ခါပဲပြော ၊ သမီးရဲ့ပညာရေးကိုသာ သမီးကြိုးစားပြီး ဆုံးခန်းတိုင်အောင်သင်ပါ ၊ ဒါမေမေ နောက်ဆုံးပြောခြင်းပဲ "


ခင်လေးနွယ်ခမျှ မိခင်ကိုလည်းမလွန်ဆန်ရဲ ၊ အကုသိုလ် အလုပ်ဖြင့် မိခင် ရှာကျွေးနေသည်ကိုလည်း မျိုမကျဖြစ်နေရာမှ . . . .

" မထူးတော့ပါဘူးလေ ၊ ငါလုပ်ရမယ့်အလုပ်ကိုသာ ကြိုးစားပြီး ဆုံးခန်းတိုင်အောင်လုပ်မယ် ၊ ရည်ရွယ်ချက်ပြည့်တော့မှပဲ မေ့မေ့ကို အငြိမ်းစားပေးပါတော့မယ် ၊ မေမေပြုလုပ်ခဲ့တဲ့ အကုသိုလ်ငရဲတွေ ကျေအောင်ကုသိုလ်ကောင်းမှုအလုပ်ကို ပြုခိုင်းတော့မယ် " ဟု ဆုံးဖြတ်လိုက်လေတော့သည် ။


ခင်လေးနွယ်မှာ ဆယ်တန်းစာနေးပွဲကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ကာ စာရင်းကိုင်ဘွဲ့ကိုရယူပြီး တစ်ဖက်ကလည်း ကွန်ပျူတာကို ကျွမ်းကျင်တတ်မြောက်လာသဖြင့် ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်ရာမှ လစာကောင်းကောင်းနှင့် အချိန်ပိုလုပ်အားခများပါရသဖြင့်
မိခင်ကြီးမအား ဈေးရောင်းသည့်အလုပ်မှ အနားယူခိုင်းလိုက်လေသည် ။


သားဖြစ်သူ မောင်မောင်ဦးမှာ အရက်သောက် ဖဲရိုက်လုပ်နေရာမှ သူနှင့်စရိုက်ချင်းတူသော မိန်းခလေးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး မိခင်အိမ်ပေါ်သို့ပြန်မတက်ရဲတော့ဘဲ ယောက္ခမအိမ်တွင်နေရင်း သားကလေးတစ်ယောက်မွေးဖွားရာ ရှစ်နှစ်သား အရွယ်ခန့်ပင် ရောက်ရှိနေပြီ ဖြစ်သည် ။


အခုချိန်ထိ မောင်မောင်ဦးမှာ လက်ကြောတင်းအောင် အလုပ်ကိုမည်မည်ရရမလုပ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စား လုပ်နေသဖြင့် မိန်းမနဲ့ ယောက္ခမများ၏ငြူစူမှုခံရသည့်အပြင် သားဖြစ်သူ တင်ထွန်းဦးမှာလည်း ဖခင်ကို မလေးမစားဆက်ဆံကာ ပြန်လည်ပြောဆိုသမှုပြုလာလေသည် ။

ခင်လေးနွယ်သည် မိခင်ကြီးအား အိမ်မှာ နေ့စဉ် ဘုရားဝေယျာဝစ္စနှင့် တရားဘာဝနာ အားထုတ်ခြင်း အမှုလုပ်ကိုင်စေပြီး အခါအားလျော်စွာ ရိပ်သာသို့သွား၍ ဝိပသနာတရားများ အားထုတ်စေခဲ့သည် ။ ဒေါ်လေးခင်မှာလည်း မိမိပြုလုပ်ခဲ့သည့် အကုသိုလ်များ ကျေနိုင်သမျှကျေရန် ကြီုးစား၍တရား အားထုတ်လေတော့သည် ။


မိဘကို အမျိုးမျိုး ဒုက္ခပေးခဲ့သော မောင်မောင်ဦးမှာ ဖဲဝိုင်းတွင်ရန်ဖြစ်ရာမှာ ခြေတစ်ဖက်ဒဏ်ရာရပြီး ထိုဒဏ်ရာမှာ သေရာပါသည်အထိ မသန်မစွမ်းဖြစ်သွားလေသည် ။ ငယ်စဉ်ကပင်မိဘများ၏ ဆိုဆုံးမစကားကို ဖီလာဆန့်ကျင်ပြီး စည်းမဲ့ကမ်းမဲ့ နေခဲ့လေရာ ယခုသူ့သားတင်ထွန်းဦးမှာလည်း ၁၅နှစ်သားအရွယ်ရောက်လာသည်အထိ ကျောင်းလည်းမှန်မှန်မတတ်
စာလည်းမကျက်သဖြင် စတုတ္ထတန်းတွင် တစ်နေသဖြင့် ကျောင်းကထွက်လိုက်ပြီး ပေပေတေတေ လေလွင့်နေလေသည် ။


" ဟေ့ကောင်တင်ထွန်းဦး ၊ မင်းဟာ လူပျိုအရွယ်ဖြစ်လာပြီ ၊ စာလဲဟုတ်တိပက်တိမသင် ၊ အိမ်အလုပ်လဲဝိုင်းမလုပ်ဘဲ အချိန်တန်စားလိုက်အိပ်လိုက် အခုလအြရွယ်နဲ့မလိုက်အောင် အရက်ကလေးတမြမြနဲ့ ပျက်စီးခြင်းငါးပါးနဲ့ ပျက်စီးနေပါပေါ့လား "

" အဲဒါ ခင်ဗျားပိုက်ဆံနဲ့သောက်တာမဟုတ်ဘူး ၊ ခင်ဗျားပြောစရာမလိုဘူး ၊ ခင်ဗျားတောင် အခုအချိန်ထိ မိဘကို ဘာလုပ်ကျွေးဖူးသလဲ ၊ ပညာရော ဘယ်လောက်တတ်ခဲ့သလဲ ၊ မယားနဲ့ယောက္ခမ အိုကြီးအိုမလုပ်စာထိုင်စားပြီး ကောင်းကောင်းနေလို့လား ၊ ခင်ဗျားကြောင်းတွေကို တစ်ရက်ကွက်လုံးသိတယ် ၊အဲဒီတော့ ကျုပ်အခုလိုဖြစ်တာ ဘာဆန်းလဲ " ဟု ဖခင်ကိုဖြစ်သူကိုပင်
ခင်ဗျားလုံးရိုက်ပြီး တစ်ခွန်းမခံ ခွန်းတုံ့ပြန်ပြောလေသည် ။


" ငါက မင်းအတွက် ကောင်းစေချင်လို့ပြောနေတာ ၊ မင်းက ငါ့ကိုတောင် ခင်ဗျားလုံးရိုက်ပြီး ပြန်ပြောနေတယ်ပေါ့လေ "

" အဲဒီလို အပြောမခံချင်ရင် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေပြီးမှ သူများကိုဆုံးမရတယ် " ဟု ခွန်းတုံ့ပြန်ပြီး ထွက်သွားလေတော့သည် ။

" တယ်လေ ဒီကောင်လေး ငါလုပ်လိုက်ရ သေတော့မယ် " ဟုပြောပြီး မောင်မောင်ဦးမှာ အိမ်ပေါ်တွင်ငေးကျန် နေခဲ့ရင်းမှ နောက်ကြောင်းများကို တရေးရေးမြင်ယောင်လာလေသည် ။

ယခုတော့ သူကိုယ်တိုင်ကလည်း နောက်ကြောင်းမကောင်းခဲ့သည့်အပြင် ယခုလို မသန်မစွမ်းဖြစ်နေသည့်တိုင်အောင် အသိတရားမရမဆင်ခြင်ဘဲ နေ့စဉ်လို အိမ်မှာလည်း သားဖြစ်သူနှင့် တကျက်ကျက်ဖြစ်နေသဖြင့် ပင်ပန်းကြီးစွာ ဈေးရောင်းရာမှပြန်လာကြသည့် ဇနီးနဲ့ယောက္ခမတို့က မခံနိုင်လွန်းလို့ မောင်မောင်ဦးကို အိမ်မှနှင်ထုတ်လိုက်လေတော့သည် ။

သြော် . . . ဝဋ်ဆိုတာ ဒါပါလားဟု ယခုမှပင် မောင်မောင်ဦး နောင်တရလေတော့သည် ။ မိဘကိုစိတ်ဆင်းရဲအောင် အမျိုးမျိုးပြုလုပ်ခဲ့သူမှာ ယခုတော့သည် ကိုယ်တိုင်စိတ်ဆင်းရဲနေရလေတော့သည် ။

ဥပုသ်နေ့တစ်နေ့တွင် ဒေါ်လေးခင်သည် ဘုန်းတော်ကြီးကျောင်းသို့ ဥပုသ်စောင့်သွားပြီးအပြန်တွင် ကြွင်းကျန်သော စားကြွင်းစားကျန်များအား ပန်းကန်ပြားတစ်ချပ်ဖြင့် တောင်းခံစားသောက်နေသော်
သားကြီးမောင်မောင်ဦးကို တွေ့ရလေသော် ရင်ထဲတွင်မဖော်ပြနိုင်လောက်အောင် နာကျင်နေသလို
သနားဂရုဏာများ ဖြစ်ပေါ်လာကာ မောင်မောင်ဦးအား အိမ်သို့ခေါ်လာခဲ့လေ၏ ။

တောင်းဆိုး ပလုံးဆိုးကိုသာ ပစ်ရိုးထုံးစံရှိသလို မိဘများမှာ သားဆိုးသမီးဆိုးကို မစွန့်ပစ်နိုင်ကြပါပေ ။ ခင်လေးနွယ်မှာ အလုပ်ကပြန်လာချိန်တွင် အိမ်မှာ မိခင်နဲ့အစ်ကိုကြီးဖြစ်သူတို့အား အတူတကွတွေ့လိုက်ရသဖြင့် မိသားစုအစုံကိုတွေ့လိုက်ရသော ဝမ်းသာပီတိအဟုန်ဖြင့် ကြည်နူးရသော်လည်း အစ်ကိုကြီး၏ဘဝမှာ မိမွေးတိုင်ဖမွေးတိုင် မဟုတ်တော့သည်ကို တွေ့လေရာ . . .


သြော် . . . ဘယ်သူမပြု မိမိမှုပါတကား ၊ ကိုယ်ပြုသည့်ဒဏ် ကိုယ်သာခံရမည်သာ ဟုရေရွတ်ရင်း စိတ်မကောင်းဖြစ်မိလေတော့သည် . . . . ။

Tuesday, May 5, 2009

လိုအပ်ချက်


ဘဝဆိုတာ

ဒီလောက် ဆိုးဆိုးဝါးဝါးကြီး

မဟုတ်ပါဘူး ။ ။

တစ်ခါတလေတော့လည်း

ကျယ်ကျယ်လောင်လောင် အသံတွေ

လိုအပ်တာပေါ့ ။ ။

တိတ်ဆိတ်ခြင်းဆိုတာလည်း ရှိရမှာပေါ့ ။ ။

ကောင်းကြောင်း


ကိုယ့်ကောင်းကြောင်းပဲ

ကိုယ်ပြောမယ် ။ ။

ကိုယ့်မကောင်းကြောင်း

မိတ်ဆွေတွေ ပြောပလေ့စေပေါ့ ။ ။