Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Tuesday, April 14, 2009

အိုးစားကွဲသောအခါ

ကျုပ်ဟာ သိပ်ကိုလန်းဆန်းပေါ့ပါးနေပါတယ် ။ ခုနက တင်းကြပ်နေတာတွေဟာ ကြက်ပျောက်ငှက်ပျောက်
ဖြစ်ကုန်ကြတယ် ။ ကျုပ်ဟာ ဇောင်းကလွှတ်တဲ့ မြင်းတစ်ကောင်လိုပါပဲ ။ ကွင်းပြင်တစ်ခုကိုဖြတ်ပြီး အဆောက်အဦ တစ်ခုဆီကို ဝင်လိုက်တယ် ။


ကားတွေ ၊ လူတွေအတော်များတယ် ။ ကားတွေကလည်း ဝင်လိုက်ထွက်လိုက် လူတွေကလည်း ဝင်လိုက်ထွက်လိုက်နဲ့ ၊ လူတွေကိုကြည့်ရတာလည်း ပျော်ပျော်ရွှင်ရွှင်တစ်ယောက်မှ မရှိကြဘူး ။


ကျုပ် လူကြားထဲရောနှောပြီးနေလိုက်တယ် ။ သူတို့လိုပဲလျှောက်ကြည့်နေလိုက်တယ် ။ အအေးခန်းထဲမှာတော့ လူသေ အလောင်း တစ်ခုကို ပြင်ဆင်ပေးနေတယ် ။ သေသူက ခပ်ငယ်ငယ် ကောင်မလေးပဲ ။

မိတ်ကပ်တွေ ၊ ပန်းတွေနဲ့ဆိုတော့ အိပ်ပျော်နေသလား ထင်မှားစရာပါ ။ ဇာပဝါ ပါးပါးလေးအုပ်ထားတဲ့ မျက်နှာက ပြုံးယောင်သန်းနေတယ် ။ သူဟာ သေခြင်းတရားကို ရဲရဲကြီး ရင်ဆိုင်သွားနိုင်တဲ့ ပုံစံပါပဲ ။

သေတဲ့သူတွေရဲ့ မျက်နှာကိုကြည့်တာနဲ့ သူတို့ ဘယ်ဘဝမျိုး ရောက်နေတယ်လို့ ခန့်မှန်းရိပ်မိနိုင်ကြတယ် မဟုတ်လား ။ ဧကန္တ ကောင်မလေးကတော့ နတ်ပြည်မှာ နတ်သားလေးနဲ့ ပျော်ပိုက်နေပြီထင်ပါရဲ့ ၊ မျက်နှာလေးက ပြုံးယောင်သန်းလို့ဗျာ ။

သေသူကပြုံးယောင်သန်းနေတာ ၊ ရှင်သူတွေကတော့ ငိုနေကြလေရဲ့ ၊ ရှိုက်ငိုနေတဲ့သူ ၊ ငိုရင်းတက်မလို ဖြစ်နေလို့ နှိပ်နယ်ပေးနေရသူနဲ့ ။ လူတစ်ယောက် သေဆုံးသွားရင် ကျန်ရစ်သူတွေမှာ သောကတွေ တစ်ပွေ့နဲ့ပါလားလို့ ကျုပ်သံဝေဂ ရမိတယ် ။

အဲဒီအနားကခွာပြီး အခြားအခန်းတစ်ခန်းဆီ ရောက်ခဲ့ပြန်တယ် ။ ဒီတစ်ခါ ပြင်ဆင်ထားတဲ့အလောင်းက အသက်(၆၀) လောက်ရှိတဲ့ လူကြီးတစ်ယောက် ။ သူ့မျက်နှာကို ကြည့်လိုက်တော့ ခုနက ကောင်မလေးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် ။ အဘိုးကြီးမျက်နှာက စီုးရိမ် ကြောက်နေသလိုပဲ ။

ပါးစပ်ကြီးဟနေတယ် ပြန်စေ့လို့တောင်မရဘူးထင်ပါရဲ့ ၊ ဒီအလောင်းဘေးမှာ လူနည်းတယ် ၊ သားသမီးသုံးလေးယောက်ပဲ မျက်နှာငယ်လေးတွေနဲ့ ရှိနေကြတယ် ။ သြော် . . . ဒီအလောင်း မီးသဂြိုတ်တော့မှာကိုး . . .! မီးသဂြိုတ်စက်ရှိရာ အလောင်းကို တွန်းယူလာကြတယ် ။


အလောင်းကိုထုပ်လိုက်တာနဲ့ပဲ လူတစ်ယောက်က အပေါက်ဝမှာ ရေအိုးတစ်လုံးကို ခွဲချလိုက်တယ် ။
အိုးစားကွဲကြပြီဆိုတာ ဒါပဲထင်ပါရဲ့လို့ ကျုပ် တွေးနေမိတယ် ။ သူ့အလောင်းကို မီးစက်ထဲသွင်းတော့ သူ့သားသမီးတွေ လက်အုပ်ချီကန်တော့ရင်း မျက်ရည်ပြိုင်ပြိုင် ကျနေတယ် ။ သြော် . . . ပူဆွေးခြင်း သောကဆိုတဲ့ မီးလောင်နေကြခြင်းရယ်ပေါ့ ။

မီးလောင်ကြခြင်း တူသယောင်နဲ့ ကွဲပြားတာကို ကျုပ်သတိပြုမိတယ် ။ မီးစက်ထဲက မီးတစ်စက်ပဲ ။
လောင်မြိုက်ပြာကျပြီးသွားတာ . . . ။ လုတွေမှာ လောင်တဲ့မီးဆယ့်တစ်မီးက မွေးရာမှသည် သေသည့်တိုင် တငွေ့ငွေ့လောင်နေခဲ့ကြတာလေ ။ လူရယ်လို့ဖြစ်လာကြရင် မီးဆယ့်တစ်မီးလောင်နေကြစမြဲ ဆိုတဲ့နေရာမှာ ကျုပ်က တစ်မီးထပ်ထည့်လိုက်ချင်တယ် ။ မီးစက်ထဲကလည်း အပြီးသက်ဝါးမျိုတာပဲနဟုတ်လား ။

ဒီတော့ ဆယ့်နှစ်မီးပေါ့ ။ မြေမြုပ်သဂြိုတ်တဲ့ သူတွေကပဲ ဒီမီးကလွတ်လိမ့်မယ် ၊ ကျုပ်ပခုံးတွန့်မိတယ် ။
ဆယ့်တစ်မီးလောင်တာက တငွေ့ငွေ့နဲ့မသိသာဘူးဗျာ ။ ဒီမရဏ မီးစက်ကြီးထဲက မီးကတော့ တဖြောင်းဖြောင်းနဲ့ ဝါးမျိုလိုက်တာများ ကြောက်စရာကြီး ။ အင်း . . .ကျုပ်သေရင် မီးမသဂြိုတ်ဘဲ မြေမြုပ်ဖို့ မှာထားရဦးမယ် ။ ကျုပ်က မီးစက်ကြီးရှေ့နားကနေစောင့်ပြီး ဝင်လာသမျှ ရုပ်အလောင်း တွေကို ကြည့်မိတယ် ။

ကျုပ်အသိများ ပါလာမလားလို့ စူးစမ်းမိတယ် ။ လူတွေကတော့ ကျုပ်ကိုမသိကြ ၊ မမြင်ကြသလိုဘဲ ။
ကျုပ်ကို ဘယ်သူ့မှ ဂရုမစိုက်ကြဘူး ။ ကျုပ်ကိုတောင် တိုးဝှေ့ကျော်လွှား လုပ်နေကြသေးတယ် ။ ကျုပ်သူ့တို့ကို စိတ်မဆိုးပါဘူး ၊ သူတို့ဟာ အပှုသည်တွေပဲမဟုတ်လား ။ သူတို့ဟာ ကျုပ်ကိုမှမဟုတ်ပါဘူး ၊ ဘယ်သူ့ကိုမှ ဂရုစိုက်နိုင်ကြ မပေါ်ဘူး ။ သူတို့သောကနဲ့သူတို့ ပျာယာခက်နေကြတယ် ။


အဲဒီမှာ ထူးခြားတဲ့ ရုပ်အလောင်းတစ်လောင်း တွေ့ရတယ် ။ ထူးခြားတယ်ဆိုတာက ဒီလိုပါ ။ ရုပ်အလောင်းက အဘွားကြီးပါ ။ အသက်(၆၅) နှစ်ပဲရှိသေးတယ် ၊ ဆွေမျိုတောင်ပုံရတယ် ။ သားသမီးတွေများပုံပဲ ။ မီးရှိုပစ်မယ့် ရုပ်ကလာပ်ကိုများ ပြင်ဆင်ထားလိုက်ကြတာ ၊ ဝက်ပေစားပေထားလိုက်ကြတာ ၊ ပြင်ဆင်ပေးထားလိုက်ကြတာ အပျံစားပဲ ၊ သေပန်းပွင့်တယ်ဆိုတာ ဒါမျိုးခေါ်တာ ထင်ပါရဲ့ ။ လာလိုက်ကြတဲ့လူတွေ ၊ ချလိုက်ကြတဲ့ပန်းခွေတွေ ၊ ပန်းခြင်းတွေ နည်းမှ မနည်းဘဲကို ။အဲ . . .ထူးခြားတယ်ဆိုတာက အဘွားကြီးရဲ့ ရုပ်ကလာပ်ကို မီးစက်ထဲထည့်ခါနီးတော့ လက်အုပ်ချီ ကန်တော့သူတွေ ကန်တော့ကြတယ် ၊ ငိုတဲ့သူတွေ ငိုကြတယ် ။ ရှိုက်တဲ့သူတွေ ရှိုက်ကြတယ် ။ တက်တဲ့သူတော့မရှိဘူး ။


တွက်တဲ့သူတော့ရှိနေတယ် ။ ဟုတ်တယ် . . . အသက်သုံးဆယ်လောက်ရှိမယ့် ညီမနှစ်ယောက်က တွက်နေကြတယ် ။ သူတို့က ပရိတ်သတ်ရဲ့နောက်နား ခပ်ခွာခွာကနေ ဆွတ်ထိုးနေကြတာ ။ ကျုပ်လည်း ထူးခြားလို့ကပ်နားထောင်မိသေးတယ် ။


( ဆက်ရန်ရှိသည် )

1 comment:

Anonymous said...

ကောင်းပါ့ဗျား ခံစားဖတ်ရူသွားပါတယ်။