
အမေဇုံထံ
တရန်နားကပ်
ရှိပါသည် ။
တစ်ခါတလေ
အမေဇုံနား ၊ အမေဇုံပါး
နားပေါက်ဟောင်းလောင်း
တွေ့ပါသည် ။
အမေဇုံတဲ့
ခုံမင်လေးစား ၊ သူ့လင်သားပေါ်
ထားခဲ့သစ္စာ ၊ ချစ်သဒ္ဓါနဲ့
မေတ္တာမပျက် ၊ ရှေးရေစက် ။
အိမ်ဦးနတ်ရဲ့
ကြပ်မတ်လမ်းညွှန် ၊ ကျိုးနွံဇနီး
သမီးနဲ့သား ၊ အိမ်စီးပွားကို
တတ်အားသမျှ ၊
နေ့ညမနား ၊ သူမအား ။
နံနက်ခင်းဆို
ထင်းမီးစထိုး ၊ ဒယ်တစ်အိုးနဲ့
မုန့်မျိုးစုံရောင်း ၊ သူမညောင်း ။
နေ့လယ်နေ့ခင်း
ပျင်းမနေအား ၊ သမီးသားနဲ့
ဖက်များ အစီးခံ ၊ သူလုံးပြန် ။
အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
ကြိုးကုတ်ပါသည် ။
လင်ပါဆွေမျိုး ၊ သူ့ဆွေမျိုး ။
ခင်ရာဆွေမျိုး ၊ သူမညှိုး ။
အမေဇုံတို့ခေတ်
ရွှေမဖြစ်လည်း ၊ ရွှေဖြစ်အောင်စု
သူ့ခေတ်သူ့ခါ ၊ တစ်ဆင်စာရွှေ
ရင်မှာစေ ၊ အမေဝတ်ဖူး
အိမ်ထောင်ဦးမှာ
ကြည်နူးရွှင်ပျဆင်တိုင်းလှ ။
မရှိဝမ်းစာ
ရှိတတ်ဆာပေါ့ ၊ ရွှေဆိုတာဝေး
ရှင်မှာ ဆွေးလည်း
ကလေးခြောက်ယောက်
လူလားမြောက်ရန်
အံ့လောက်အံခဲ
အမေ့ဇွဲကြောင့် အမြဲမပြတ်
တဖျပ်ဖျပ်နဲ့
နားကပ်တစ်ရန် ၊ ရှိတတ်ပြန် ။
ဒါပေမယ့်လေ
မေတို့အိမ် ၊ ဧည့်လာချိန်ဆို
ချိုသာစိတ်ရင်း ၊ဧည့်ခံခြင်းနဲ့
အိမ်တွင်းဘတ်ဂျက် ၊
နားနှစ်ဖက်က
လက်တွေ့သက်သေ ၊
ပြတတ်နေ ။
ဒီမှာအဆွေ
အမေဇုံနားပေါက်
သဘောပေါက် ။