
အမေဇုံထံ
တရန်နားကပ်
ရှိပါသည် ။
တစ်ခါတလေ
အမေဇုံနား ၊ အမေဇုံပါး
နားပေါက်ဟောင်းလောင်း
တွေ့ပါသည် ။
အမေဇုံတဲ့
ခုံမင်လေးစား ၊ သူ့လင်သားပေါ်
ထားခဲ့သစ္စာ ၊ ချစ်သဒ္ဓါနဲ့
မေတ္တာမပျက် ၊ ရှေးရေစက် ။
အိမ်ဦးနတ်ရဲ့
ကြပ်မတ်လမ်းညွှန် ၊ ကျိုးနွံဇနီး
သမီးနဲ့သား ၊ အိမ်စီးပွားကို
တတ်အားသမျှ ၊
နေ့ညမနား ၊ သူမအား ။
နံနက်ခင်းဆို
ထင်းမီးစထိုး ၊ ဒယ်တစ်အိုးနဲ့
မုန့်မျိုးစုံရောင်း ၊ သူမညောင်း ။
နေ့လယ်နေ့ခင်း
ပျင်းမနေအား ၊ သမီးသားနဲ့
ဖက်များ အစီးခံ ၊ သူလုံးပြန် ။
အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
ကြိုးကုတ်ပါသည် ။
လင်ပါဆွေမျိုး ၊ သူ့ဆွေမျိုး ။
ခင်ရာဆွေမျိုး ၊ သူမညှိုး ။
အမေဇုံတို့ခေတ်
ရွှေမဖြစ်လည်း ၊ ရွှေဖြစ်အောင်စု
သူ့ခေတ်သူ့ခါ ၊ တစ်ဆင်စာရွှေ
ရင်မှာစေ ၊ အမေဝတ်ဖူး
အိမ်ထောင်ဦးမှာ
ကြည်နူးရွှင်ပျဆင်တိုင်းလှ ။
မရှိဝမ်းစာ
ရှိတတ်ဆာပေါ့ ၊ ရွှေဆိုတာဝေး
ရှင်မှာ ဆွေးလည်း
ကလေးခြောက်ယောက်
လူလားမြောက်ရန်
အံ့လောက်အံခဲ
အမေ့ဇွဲကြောင့် အမြဲမပြတ်
တဖျပ်ဖျပ်နဲ့
နားကပ်တစ်ရန် ၊ ရှိတတ်ပြန် ။
ဒါပေမယ့်လေ
မေတို့အိမ် ၊ ဧည့်လာချိန်ဆို
ချိုသာစိတ်ရင်း ၊ဧည့်ခံခြင်းနဲ့
အိမ်တွင်းဘတ်ဂျက် ၊
နားနှစ်ဖက်က
လက်တွေ့သက်သေ ၊
ပြတတ်နေ ။
ဒီမှာအဆွေ
အမေဇုံနားပေါက်
သဘောပေါက် ။
7 comments:
လာပြီးခံစားသွားပါတယ်ဗျာ ကောင်းပါတယ်
အားပေးလျက်ပါ
လာအားပေးရမှာတောင် တွန့်လာပြီ အမေဇုံ
နားပေါက် ဟောင်းလောင်းပေါက်ဖြစ်နေမှာစိုး
လို့ပါ..ဟီး
အမေဆိုတာ သားသမီးတွေအတွက် ..
သားသမီးဖြစ်ချင်တာအတွက် စတေးခံလို့
အလှဟန်ပျက် အမေ့တစ်သက်
ချွေးစိုနင့်သီး အမေ့မီးက
နေ့စဉ်အမျှ လုံးပန်းရှာရ
အမေ့ဘ၀ ..
သားသမီးကိုပေး အမေ့ချွေးက
တစ်စက်ကျမှန် သားသမီးထံ
ရောက်ရှိလင့်ကစား သားသမီးများ
ပြုံးပျော်ပီတိ စိတ်အသိက
အမေ့မေတ္တာ လွှမ်းခြုံတစ်ဝ
သားသမီးဘ၀က စိုပြေသာယာ
လန်းဆန်းပါတယ် အမေ ...။
အလျင်းသင့်သလို အမေ့နားပေါက်
ဟောင်းလောင်းပေါက်ဖြစ်လည်း
အမေသည်သာ စိတ်စေတနာကို
လင်းခြင်းဖြာလို့ လှနေသည်သာ
ဘ၀တစ်ခုမှာ ..။
ကဗျာလာဖတ်သွားပါတယ် ....
ခံစား၏။ ကြိုက်၏။ ထို့ကြောင့် မန့်၏။ ထို့နောက် ပြန်ပြီ။ အဟီးး။
ဟာ... ကဗျာက ကာယံလေးနဲ့ .... ဆိုလိုရင်းလေး ကလည်း ထိတယ်...။
တကယ်ကောင်းတယ်ဗျာ...။
ကောင်းလိုက်တဲ့ကဗျာ..
Post a Comment