Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Monday, January 19, 2009

အမှတ်မရှိဘူး


အထွေထွေရောဂါကု ဆေးခန်းတွင် ဖြစ်သည် ။ မခင်မှတ်နှင့်ကိုဖိုးထင်တို့ ဇနီးမောင်နှံသည်လည်း
သူတို့အလှည့် မရောက်သေးခင် စကားစမြည်ပြောရင်းမှ နာမည်အခေါ်ကို စောင့်နေကြသည် ။

" အမှတ်ရေ . . . ဆရာဝန်ပြောတဲ့ဆေးကို သေချာ သောက်ရမယ်နော် ။ ဒါမှ မင်းမြန်မြန်နေကောင်းမှာ "

မခင်မှတ်ကို အိမ်သားများနှင့် ခင်မင်သူများက အမှတ်ဟုပင် ခေါ်ကြပါတယ် ။

" ဟုတ်ကဲ့ပါ အစ်ကိုရဲ့ "

ထိုအချိန်တွင် ဖိုးခွားတို့သားအမိသည်လည်း ဆေးခန်းပြရန် ရောက်လာကြသည် ။

" သားရေ ဖိုးခွား ဆေးခန်းစာအုပ် သွားထပ်လိုက်ပါဦး "


မိခင်ပြောမှပဲ သုံးရက်ဆက်တိုက် ပြထားသော ဆေးမှတ်တမ်းစာအုပ် မေ့ကျန်ခဲ့ကြောင်း ဖိုးခွားသတိ
ရလိုက်သည် ။

" ဟာ . . . ဒုက္ခပဲ ။ မေ့ခဲ့ပြီး အမေရေ "

ဖိုးခွားစကားကြောင့် မိခင်ဖြစ်သူ မလှဝင်း စိတ်တိုသွားရသည် ။ စိတ်တိုလည်း တိုချင်စရာပင် ။ မနေ့ကလည်း စာအုပ်သေချာယူခဲ့ဖို့ မှာထားလျက်နဲ့ ဆေးခန်းရောက်မှ မေ့ခဲ့မှန်းသိလို့ အိမ်သို့
တစ်ခေါက်ပြန်ယူခဲ့ရသည် ။ အခုလည်း မေ့ခဲ့ပြန်ပြီးတဲ့ ။

ဆေးခန်းနဲ့အိမ်က အနည်းငယ်လှမ်းတာဖို့ အလျင်လိုနေချိန်တွင် လမ်းလျှောက်သွားလို့ မဖြစ် ။ ဆိုက်ကားနှင့်သွားမှ မြန်မည်ဖြစ်သော်လည်း ဆိုက်ကားခက ထပ်ကုန်ဦးမည် ။ စာအုပ်အသစ် ထပ်လုပ်ပြီးပြချင်သော်လည်း ထိုစာအုပ်မပါရင် မဖြစ် ။
မနေ့ကလည်းမေ့ ။ ဒီနေ့လည်းမေ့ စာအုပ်ယူရန် အမှတ်တရ မရှိသော ဖိုးခွားကို မလှဝင်း စိတ်တိုသွားရသည် ။

"မင်းဟာလေ ကိုယ့်စာအုပ်ကို ယူခဲ့ပါလို အကြိမ်ကြိမ်ပြောထားတာတောင် မေ့ခဲ့တယ် ။ အမှတ်ကို မရှိဘူး ။ လာ သွားမယ် "


ဒေါသထွက်နေတာမို့ မလှဝင်း၏အသံက အနည်းငယ်ကျယ်သွားရသည် ။
မခင်မှတ်တို့ လင်မယားမှာလည်း စကားပြောနေရင်မှ အမှတ်မရှိဘူးဆိုသည့် စကားသံကြားလိုက်ရတာမို့ ကိုဖိုထင်က
ပြန်အော်လိုက်သည် ။

"
အမှတ်ရှိပါတယ် ခင်ဗျ ၊ အမှတ်ရှိပါတယ် "

ဖိုးခွားလက်ကိုဆွဲပြီး စာအုပ်ပြန်ယူရန် ခြေလှမ်းပြင်နေသော မလှဝင်းမှာ မဆီမဆိုင်ဝင်ပြီး အမှတ်ရှိပါတယ်ဟု ၀င်ပြောလာသော ကိုဖိုးထင်ကို ဘုကြည့်ကြည့်လိုက်မိရင်း . . .

" ရှင်နဲ့ ဘာဆိုင်လို့ အမှတ်ရှိတယ်လို့ ပြောရတာလဲ ။ ကျွန်မက ကျွန်မသားကို အမှတ်မရှိလို့ မရှိဘူးပြောတာ "

" အေးလေ . . . မင်းကိုက မှားနေတာ ။ အမှတ်ရှိသမှ သိပ်ရှိ ၊ ဒီမှာလေ ကျုပ်မိန်းမ မခင်မှတ်လေ ၊ ခင်တဲ့သူတွေက အမှတ်လို့ ခေါ်ကြတယ် ။ ဒါကြောင့် အမှတ်ရှိတယ်လို့ ပြောတာပေါ့ ။ ကျုပ်တို့လင်မယား
စကားပြောကောင်းနေ ကိုယ့်အလှည့်ရောက် နေတာကို မသိလိုက်တာ ။ နာမည်ခေါ်တာကို မကြားလိုက်တာ ။ ဘာလဲ ခင်ဗျားက အမှတ် ဆေးခန်းပြဖို့ အလှည့်ရောက်နေတာကို ခင်ဗျားတို့က အရင်ဝင်ချင်လို့ အမှတ်မရှိဘူးလို့ ညာပြောတာပေါ့လေ"

သားကို စိတ်တိုနေသည့်ကြား မဆီမဆိုင် အပြောခံလိုက်ရသော မလှဝင်းမှာ စိတ်တိုတိုဖြင် ဖိုးခွား၏
နားရွက်တစ်ဖက်ကို ဆွဲလိမ်လိုက်ပြီး . . .

" နင် အမှတ်မရှိလို့ အမှတ်ရှိဆိုပြီး အမှတ်ယောက်ျားရဲ့ မှတ်မှတ်ရရ ပြောတာကို ခံလိုက်ရတာ ဟဲ့ "

ဟု ပြောလိုက်လေတော့သည် ။







1 comment:

khin oo may said...

ရှူပ်ကုန်ြီ့ပီး :P