Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Friday, January 23, 2009

ခွက်ပဲ့လေး တစ်လုံး






အဘွားအို တစ်ဦးဟာ တုန်ချည့်ချည့် လက်အစုံနဲ့ အနားပဲ့ ပန်းကန်တစ်လုံးကို ကောက်ယူလိုက်ပြီး သက်ပြင်းအခါခါ ချနေမိတယ် ။

လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ချွေးမဖြစ်သူက ဒီအနားပဲ့ ပန်းကန်နဲ့ပဲ အဘွားအိုကို ထမင်းထည့် ကျွေးခဲ့တာ ဖြစ်တယ် ။ ကျွေးတဲ့ဟင်းက အချဉ်တည်ထားတဲ့ ဟင်းရွက်တစ်ချို့ ဖြစ်ပြီး စားပွဲဝိုင်းမှာ ထမင်းအတူ မစားစေခဲ့ဘူး ။ ထမင်းစား ချိန်ရောက်တိုင်း အဘွားအိုဟာ ကိုယ့်အခန်းထဲမှာ အဟာရမရှိတဲ့
အစာတစ်ချို့နဲ့ အထီးကျန်မှုတွေကိုပဲ ဝါးမျိုနေခဲ့ရတယ် ။

ချကျွေးတဲ့အစာကို စားပြီး အဘွားအိုဟာ မမြင်မစမ်းနဲ့ မီးဖိုချောင်ထဲ သွားပြီး ကိုယ်စားတဲ့ ခွက်ပဲ့ကို ဆေးကျောရပြန်တယ် ။ ဒါဟာ အဘွားအိုရဲ့ နေ့စဉ်အလုပ်ဖြစ်တယ် ။ ချွေးမက ဘယ်တော့မှ အဲဒီခွက်ပဲ့ကို ဆေးကျော မပေးခဲ့ဘူး ။

"မေမေ . . . ဘွားဘွားက မျက်စိလည်း မမြင်တော့ဘူး ။ ဘာဖြစ်လို့ သူ့ပန်းကန်ကို ဆေးမပေးရတာလဲ ။ ပဲ့နေတဲ့ ပန်းကန်ကို ဘာဖြစ်လို့ အသစ်မလဲပေးတာလဲ ? "

အမေကို မေးနေတဲ့ မြေးမလေးရဲ့ အသံကို အဘွားအို ကြားလိုက်မိတယ် ။

"ကလေးက ကလေးနေရာမှာ နေစမ်း ။ အသက် ၇ဝကျော် မျက်စိကန်းနေတဲ့ အဘွားကြီးကို
အိမ်ပေါ် တင်ကျွေးထားတာ မလုံလောက်သေးဘူးလား ? သူစားတဲ့ခွက်ကို ငါက ဆေးပေးရဦးမှာလား ? အဲဒီခွက်သုံးလို့ ရသေးတာပဲ ဘာအသစ်လဲနေစရာ လိုလို့လဲ ။ အသစ်လဲပေးလို့ မမြင်မစမ်းနဲ့ ကျကွဲသွားရင် ထပ်ဝယ်ပေးနေရဦးမယ် ။ ပိုက်ဆံက အလကား ရတာမဟုတ်ဘူး " အသံမြင့်ပြီး ပြောတဲ့ ချွေးမရဲ့ စကားကို အဘွားအို အလွတ်ရလုနီးနေပါပြီ ။ မျက်စိထောင့်က စိမ့်ထွက်လာတဲ့ မျက်ရည်ကို အဘွားအို ပွတ်သုတ်လိုက်တယ် ။

အဘွားအပေါ် ဆက်ဆံတဲ့ အမေရဲ့ အပြုအမှုကို သမီးဖြစ်သူက မကြည့်ချင်ပေမယ့်
ပြန်မပြောရဲခဲ့ဘူး ။ အိမ်မှာရှိတဲ့ သူတွေအားလုံး အမေ့စကားကို နာခံကြရတယ်။ အဖေဖြစ်သူကလည်း ထိုနည်းလည်းကောင်းပါပဲ ။ အမေ့မျက်နှာ အရိပ်အကဲနဲ့
ရှင်သန်နေရသူ ဖြစ်တယ်။

ပန်းကန်ဆေးပြီး အမြင်အစမ်းနဲ့ ကိုယ့်အခန်းထဲ အဘွားအို ပြန်ဝင်ခဲ့ပြီး ကုတင်ပေါ် ထိုင်ချလိုက်တယ် ။ မြေးမလေးက အဘွားနောက် လိုက်ဝင်လာပြီး "
ဘွားဘွား . . . မေမေကို မမုန်းဘူးလားဟင် " လို့မေးလိုက်တယ် ။

" မြေးလေးရယ် . . . အဘွားက နာတာရှည် ရောဂါသည် လူပိုတစ်ယောက်ပါ ။ ထမင်းတစ်လုပ်
စားခွင့်ရတာပဲ ပြည့်စုံနေပါပြီ ။ အမုန်းဆိုတာ မရှိသင့်ဘူး ။ မြေးမေမေ တတွတ်တွတ် ရွတ်တာကို ဒီနှစ်တွေအတွင်းမှာ အဘွားကျင့်သားရနေပါပြီ " မြေးကို ပြောနေတဲ့ စကားသံတွေထဲမှာ အဘွားအိုရဲ့ ပြင်းသက်ချက်သံက မသိမသာ ရောနေတယ် ။

"ဟဲ့ . . ဒီကောင်မ . . ဘယ်သွားနေတာလဲ ? ကိုယ့်အခန်းထဲ ဝင်နေစမ်း " ချွေးမရဲ့ အော်ဟစ်သံကြောင့် မြေးမလေး အဘွားအိုအနားက ထွက်ပြေးသွားခဲ့တယ် ။ ကုတင်ပေါ် အဘွားအို လဲချလိုက်တယ် ။ အသက်အရွယ်ကြောင့်လား မသိ အဘွားအိုအတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ ညတွေ နည်းလာခဲ့တယ် ။ ကုတင်ပေါ် လဲလျောင်းရင်း သွားလေသူ အဘိုးအိုကို သတိရလိုက်မိတယ် ။

အဘိုးအိုက ကုမ္ပဏီတစ်ခုက ပိုင်ရှင်ဖြစ်တယ် ။ သားက အဲဒီကုမ္ပဏီက မန်နေဂျာဖြစ်ပြီး ချွေးမက စာရင်းကိုင်ဖြစ်တယ် ။ ကုမ္ပဏီတစ်ခုထဲမှာ လုပ်တဲ့ သား နဲ့ ချွေးမတို့ ချစ်ကြိုက်ညားခဲ့ကြတယ ။ ချွေးမက လက်ထပ်ပြီးစမှာ ယောက္ခမကို ရိုသေကိုင်းရိုင်းသလို မယားဝတ္တရားလည်း ကျေပွန်ခဲ့ပါတယ် ။
ဒါပေမယ့် သားဖြစ်သူက မယားကိုချစ်လွန်းလို့ ဘာမဆို အလျော့ပေးချင်တယ် ။ မယားပြောသမျှ ခေါင်းညိတ် နာခံသူဖြစ်ခဲ့တယ် ။

မမြင်နိုင်တဲ့ ကံကြမ္မာရိုင်းကို ဘယ်သူရှောင်လွဲလို့ ရနိုင်မလဲ ? အဘိုးအို ဦးနှောက်သွေးကျောပြတ် သေဆုံးသွားပြီးနောက် ငြိမ်းချမ်းတဲ့ မိသားတစ်စုထဲ ကြမ္မာဆိုးက ဝင်ရောက်ခဲ့တယ် ။ အဘိုးအို ဆုံးပြီးမကြာဘူး အဘွားအိုရဲ့ မျက်လုံး ကွယ်ခဲ့ရတယ် ။ ပိုဆိုးတာက လိမ္မာတယ်ဆိုတဲ့ ချွေးမရဲ့
ဗီဇရုပ်ပေါ်လာတာပါပဲ ။ မျက်မမြင် အဘွားအိုကို ပြုစုရတာ တာဝန်တစ်ခုလို့ ထင်မှတ်ပြီး အပြစ်ရှာလာခဲ့တယ် ။ အဲဒီကစလို့ နဂိုကတည်းက အမှောင်ပျောက်နေသူ အဘွားအိုဟာ မှောင်မဲမဲ ကိုယ့်အခန်းငယ်ထဲမှာပဲ အထီးကျန်စွာ ရှင်သန်ခဲ့ရတယ် ။

အဘွားအို အနားမှာ ရှည်လျှားတဲ့ နေ့ရက်တွေနဲ့ ခွက်ပဲ့လေးတစ်လုံးက လွဲရင် နေရောင်ခြည် ၊ ရယ်မောသံ ကင်းမဲ့နေခဲ့တာ က်ပေါင်း ၇ဝဝကျော် ရှိနေခဲ့ပါပြီ ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

နေအိမ်မှာ ကျင်းပမယ့် ညစာစားပွဲအတွက် သားနဲ့ချွေးမ အလုပ်များနေခဲ့ကြတယ် ။ ဧည့်သည်တွေ မလာခင်မှာ ချွေးမက သားကို " ခဏနေ ဧည့်သည်လာရင် အပြင် မထွက်ခဲ့ပါနဲ့လို့ ရှင့်အမေကို မှာထားအုန်း . . . ဒီနေ့လာမဲ့ ဧည့်သည်တွေက လူကြီးလူကောင်းတွေ . . မျက်ကန်းအဘွားကြီးကြောင့် ကျွန်မ အရှက်မကွဲစေနဲ့ ၊ ရှင့်နာမည် မပျက်စေနဲ့နော် " လို့ မှာတယ် ။ မယားစကား နာခံသူသားမှာ ဘာမှစောဒက မတက်ရဲခဲ့ဘူး ။ ဧည့်သည်တွေ မပြန်မချင်း အစာအိမ်
ဟောင်းလောင်းနဲ့ အခန်းထဲမှာပဲ အဘွားအို အောင်းနေခဲ့ရတယ် ။ အားလုံးပြီးစီးမှ ထမင်းကျန်ဟင်းကျန် ထည့်ထားတဲ့ ခွက်ပဲ့နဲ့ အမေ့အခန်းထဲ သားဝင်လာခဲ့တယ် ။

ခုတစ်လော မြို့မှာ ကျောင်းတက်နေတဲ့ သားအကြီး ကျောင်းပိတ်လို့ အိမ်ပြန်ရောက်လာ ခဲ့တယ် ။ သားကိုချစ်တဲ့ အမေတို့ရဲ့ ထုံးစံအတိုင်း သားအတွက် အသား ၊ ငါး ဟင်းမျိုးစုံကို ကိုယ်တိုင် ချက်ကျွေး တော့တယ်။

"ရပြီ . . မေမေရဲ့ သားဒီလောက် မစားနိုင်ဘူး " သားပန်းကန်ထဲ ဟင်းတွေ ထည့်ပေးနေတဲ့ အမေကို သားက လေသံနဲ့ " မေမေ . . ဘွားဘွားကိုလည်း သားတို့နဲ့ အတူတူစားခိုင်း ပါလား ? သားတို့ မိသားစု လက်စုံ စားကြရအောင်လေ " လို့ တောင်းဆိုလိုက်တယ် ။

"သူက ကန်းနေပြီ အပြင်ထွက်စားဖို့ အဆင်မပြေဘူး ။ ဘယ်နားစားစား အတူတူပဲလေသား ။ အခန်းထဲမှာ စားတာ သူကျင့်သားရနေပါပြီ "

အဘွား အပေါ်ထားတဲ့ အမေရဲ့ သဘောထားကို ပြောင်းလဲဖို့ သူဆုံးဖြတ်လိုက်မိတယ် ။

.......................................................................................................................................................................

သူငယ်ချင်းဆီက ရခဲ့တဲ့အကြံ အဘွားကို ပြာပြတော့ အဘွားက ပျာပျာသလဲ ငြင်းတယ် ။

" သားတို့က ဘွားဘွား ကောင်းဖို့အတွက်ပါ သားတို့ ပြောသလိုသာ လုပ်ပါ ဘွားဘွား "လို့ မြေးအကြီးက တောင်းဆိုတယ် ။

" ဆရာမက ပြောတယ် " လူကြီးမိဘတွေကို ရိုသေလေးစားရမယ် " တဲ့ ။ မေမေ လုပ်ပုံက မဟုတ် သေးဘူး ။ ဘွားဘွားကို သူဒီလို မဆက်ဆံသင့်ဘူး ။ သမီးတို့ ပြောသလို လုပ်ပါနော် ဘွားဘွား " မြေးမလေးက ဝင်ထောက်ပြန်တယ် ။

"ကိုယ့်ကို မရိုသေတဲ့ ချွေးမတစ်ယောက်ကို ဘွားဘွား လက်ခံနိုင်ပေမယ့် ယောက္ခမကို မရိုသေတဲ့ မိခင်တစ်ယောက်ကို သားတို့ မလိုလားဘူး ။ သားတို့ ပြောသလို လုပ်ပါနော် ဘွားဘွား" အတင်းတောင်းဆိုနေတဲ့ မြေးကို အဘွားအို ခေါင်းညိတ်မိလိုက်တယ် ။

ညစာ ထမင်းစားဝိုင်းမှာ ထုံးစံအတိုင်း အဘွားအို မပါဝင်ခဲ့ဘူး ။ မြေးကြီးက တိုင်ပင်ထားတဲ့အတိုင်း ကြွေဇွန်းတစ်ချောင်းကို ကြမ်းပြင်ပေါ် မသိမသာ ပစ်ချလိုက်တယ် ။ ဇွန်းကွဲစတွေက ကြမ်းပြင်ပေါ်မှာ ပြန့်လို့ . . . ဇွန်းကျသံကြောင့် အဘွားအိုဟာ တုန်တုန်ရီရီနဲ့ ခွက်ပဲ့လေးကို ကိုင်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ် ။ ဒါကို ချွေးမက မြင်တော့ အဘွားအိုကို အော်ဟစ်လိုက်တယ် ။

" ဘာဖြစ်လို့ ထွက်လာရတာလဲ ? အခုချက်ချင်း ပြန်ဝင်စမ်း "

ချွေးမရဲ့ အော်သံကိုကြားတော့ အဘွားအိုဟာ လက်ထဲက ခွက်ပဲ့ကို လွတ်ချလိုက်တယ် ။ ကြမ်းပြင်ပေါ် ကျသွားတဲ့ ခွက်ကွဲသံထက် ချွေးမရဲ့ အသံက ပိုကျယ်လောင် နေပါတယ် ။

" ကြည့်စမ်း . . ဒီအဘွားကြီး ကိုယ့်ခွက်ကိုတောင် ပစ်ချရဲတယ် ။ အေး . . ဒီည ထမင်းစားရဖို့ မစဉ်းစားနဲ့တော့ "

အဲဒီအချိန်မှာ မြေးကြီးက " အဘွားကလဲကွာ . . ပန်းကန်ကို လုပ်ခွဲလိုက်ရတယ်လို့ ။ ဒါထမင်း ထည့်စားတဲ့ ပန်းကန်လေ အဘွားရဲ့" ပြောရင်းဆိုရင်း ကြမ်းပြင်ပေါ် ကျနေတဲ့ ပန်းကန်စကို ကောက်ယူပြီး အမေဖက်ကို အသံမြင့် လှည့်ပြောလိုက်တယ် ။

"မေမေ စိတ်တိုတယ် ဆိုရင်လည်း တိုသင့်တယ် ဘွားဘွား ။ ဒီပန်းကန်က အရမ်းအရေးပါတာ ။ ဒီပန်းကန်ကို အဘွားလုပ်ကွဲလိုက်ရင် နောင်နောက် မေမေအိုလာတဲ့အခါ မေမေ့ကို သားတို့ ဘာပန်းကန်နဲ့ ထည့်ကျွေးရမလဲ ? "

သားရဲ့ စကားကို ကြားပြီး အမေမှာ ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားမိတယ် ။ အဲဒီနောက် ထမင်းစားပွဲဝိုင်းကနေ မသိမသာ ထသွားခဲ့တယ် ။ အဲဒီ နောက်ပိုင်းမှာတော့ ချွေးမရဲ့ အပြစ်တင်သံကို အဘွားအို မကြားခဲ့ရတော့ဘူး ။ အဘွားအိုအပေါ်ထားတဲ့ ချွေးမရဲ့ အပြုအမှုတွေလည်း
ပြောင်းလဲလာခဲ့တယ် ။ မိသားတစ်စုရဲ့ မနက်ဖြန်တိုင်းဟာ နေရောင်ခြည်တွေနဲ့ နွေးထွေးလာခဲ့ပါတယ်။


ဒီဇာတ်လမ်းလေ ဖတ်ပြီး ရင်ဘတ်နဲ့ ထပ်တူပြန်ခံစား နိုင်ကြပါစေ ။

1 comment:

mgnge said...

မြှောက်ပြောတာမဟုတ်ဘူး တကယ်ပြော တာ ပါ... တော် တော် လေး ကောင်းပါတယ်..။ ဖတ်ရင်းနဲ့ တစ်ခုခု ကို ခံစား လာ ရ တယ်.....ဘာလည်းတော့ မသိ ဘူး... တစ်ခု ခု ပါပဲ ... ကျေးဇူး ဗျာ .ဒီပို့ စ်လေးအတွက်...။