Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Wednesday, December 31, 2008

အနှိုင်းမဲ့ပိုက်ကွန်(၂)


တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မယုံကြည်ကြပါဘူး ။ ဒီဘ၀ကျမှ ထာဝရဘုရား ၊ မဟာနတ်မင်းကြီးစတဲ့ တန်ခိုးရှင်တွေ ဖန်ဆင်းလိုက်လို့ ဘ၀နောက်ဆိုတာ ဖြစ်လာတယ်လို့ ထင်မှတ်နေကြတယ် ။ ဒါပေမဲ့ နောက်အနာဂတ်မှာ ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာ ကိုတော့ ယုံကြည်ကြပါတယ် ။ သူတို့ရဲ့ မောဟပိုက်ကွန်ကို ရှေးဘ၀ (အတိတ်ဘ၀) ကိုမသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟပိုက်ကွန် လို့ခေါ်ပါတယ် ။

တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို ယုံကြည်ကြပါတယ် ။ ဒါပေမဲ့ နောက်နောက်အနာဂတ်မှာ ရဟန္တာမဖြစ်သေးသမျှ ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာ
ကိုတော့ မယုံကြည်ကြပါဘူး ။ ဒီဘ၀က သေရင် ပြီးတာပဲ ၊ ပြတ်တာပဲ လို့ယူဆကြပါတယ် ။ သူတို့ရဲ့
မောဟပိုက်ကွန်ကို နောင်ဘ၀ ( အနာဂတ် ) ကိုမသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟပိုက်ကွန် လို့ခေါ်ပါတယ် ။

တချို့က ရှေးအတိတ်မှာ ဘ၀တွေ ဖြစ်ခဲ့ဖူးတယ်ဆိုတာကို မယုံကြည်ကြပါဘူး ။ နောက်အနာဂတ်မှာ ဘ၀တွေ ဆက်ကာဆက်ကာ ဖြစ်ရဦးမယ်ဆိုတာ ကိုတော့ မယုံကြည်ကြပါဘူး ။ ဗုဒ္ဓတရားတော်တချို့ကို
ဗုဒ္ဓရဲ့ ဆိုလိုရင်းအဓိပ္ပာယ် နားမလည်ဘဲ လိုရာဆွဲ ကိုးကားပြီး ( ရှေးဘ၀၊ နောက်ဘ၀ ဗုဒ္ဓမဝေဖန်ဘူး )
လို့တောင် တလွဲဝါဒဖြန့်ကြပါတယ် ။ ဘ၀ဆိုတာ ပုခက်နဲ့ခေါင်းကြားမှာပဲ ရှိတယ်လို့ ယူဆကြပါတယ် ။
သူတို့ရဲ့ မောဟပိုက်ကွန်ကို ရှေးဘ၀ နောက်ဘ၀ နှစ်ခုလုံးကို ကိုမသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟပိုက်ကွန် လို့ခေါ်ပါတယ် ။

တကယ်တော့. .ဒီပိုက်ကွန် သုံးထပ်ကလည်း အောက်ဆုံးထပ် ပိုက်ကွန်နဲ့ တိုက်ရိုက် ဆက်စပ်ယှက်နွယ်
နေပါတယ် ။ ကံနဲ့ကံရဲ့ အကျိုးကို ပိုင်ပိုင်နိုင်နိုင် မသိတဲ့သူ ၊ ကျေကျေနပ်နပ် သဘောမပေါက်တဲ့သူဟာ
ရှေးဘ၀ နောက်ဘ၀ဆိုတဲ့ ပရဘ၀တွေကို ပစ်ပယ်ဖို့ လုံးဝ ၀န်လေးတော့မှာ မဟုတ်ပါဘူး ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးရဲ့ နောက်ဆုံးအထပ် ငါးထပ်ကတော့ သစ္စာလေးပါးကို မသိတဲ့
( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟလေးမျိုးနဲ့ ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ ( မသိအောင်ဖုံးလွှမ်းထားတဲ့ ) မောဟတို့ပဲ ဖြစ်ပါတယ် ။

သစ္စာလေးပါးကို မသိတဲ့ မောဟလေးမျိုးကတော့ ရုပ်နာမ်ခန္ဓာမှန်သမျှ ဆင်းရဲအမှန် ( ဒုက္ခသစ္စာ )ပဲ ၊
အာရုံတွေ ၊ ဘ၀တွေအပေါ် သာယာတပ်မက်တဲ့ တဏှာမှန်သမျှ ဆင်းရဲကြောင်းအမှန် ( သမုဒယသစ္စာ )ပဲ၊
ရုပ်နာမ် မဖြစ်တဲ့ ၊ ရုပ်နာမ်လုံးဝမရှိတဲ့ နိဗ္ဗာန်ဟာ ဆင်းရဲချုပ်ငြိမ်းရာ ( နိရောဓသစ္စာ )ပဲ ၊ သမ္မာဒိဋ္ဌိစတဲ့ မဂ္ဂင်ရှစ်ပါး ၊ သတိပဋ္ဌာန်စတဲ့ အကျင့်တရားဟာ ဆင်းရဲချုပ်ငြိမ်းကြောင်းအမှန် ( မဂ္ဂင်သစ္စာ ) ပဲလို့ မသိတဲ့ မောဟတွေပါပဲ ။

ပဋိစ္စသမုပ္ပါဒ်ကို မသိတဲ့ မောဟကတော့ မသိမှုအ၀ိဇ္ဇစတဲ့ အကြောင်းတရားကြောင့် ပြုလုပ်အားထုပ်မှု
သင်္ခါရစတဲ့ အကျိုးတရားချုပ်တယ်လို့ သံသရာစက်လည်ပတ်ပုံ ၊ သံသရာစက်ချုပ်ြပတ်ပုံကို မသိတဲ့ မောဟတွေပါပဲ ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးမှာ အထူးစား ၊ အကြမ်းစားအထပ်နဲ့ အပါးစား ၊ အနုစားအထပ်လို့ အထပ်
နှစ်မျိုး ရှိတယ် ။ အောက်ဆုံးလေးထပ်က အထူးစား ၊ အကြမ်းစားအထပ်တွေ ဖြစ်ပြီး ၊ အပေါ်ဆုံးငါးထပ်က အပါးစား ၊ အနုစားအထပ်တွေ ဖြစ်ပါတယ် ။

အထူးစား ၊ အကြမ်းစားအ မောဟပိုက်ကွန်တွေကိုတော့ သူတော်ကောင်းတရား နာကြားဖတ်ရှုခြင်း ၊ မိမိ
လက်လှမ်းမီရာ လူသားတွေရဲ့ ဘ၀ တစ်ယောက်နဲ့ တစ်ယောက် မတူညီတာကို ထောက်ရှုခြင်း ၊
ကံ ၊ ကံရဲ့ အကျိုးဆိုင်ရာ ၊ တမလွန်ဘ၀ဆိုင်ရာ ကိုယ်တွေ့ အဖြစ်အပျက်တွေကို လေ့လာ သုံးသပ်ခြင်း
အားဖြင့် ဖြတ်တောက် ဖျက်ဆီးပစ်ရပါမယ် ။

ကံနဲ့ကံရဲ့ အကျိုးကိုလည်း ယုံကြည်ပြီ ၊ ယုံကြည်တဲ့အတိုင်းလည်း မကောင်းမှုအကုသိုလ် မှန်သမျှ ရှောင်ကြဉ်ပြီ ၊ ကောင်းမှုကုသိုလ် မှန်သမျှ စွမ်းနိုင်သလောက် ပြုပြီဆိုရင် မိမိရဲ့ မောဟပိုက်ကွန် တော်တော်လေး ပါးသွားပါပြီး ။

အပါးစား ၊ အနုစားပိုက်ကွန်တွေက ပါးပေ့ ၊ နုပေမယ့် ပြတ်အောင် ဖြတ်ဖို့ သိပ်မလွယ်ကူလှပါဘူး ။ တော်တော် ခက်ခက်ခဲခဲ ဖြတ်ဖောက်မှ ပြတ်တောက် သွားနိုင်ပါတယ် ။

သစ္စာလေးပါးနဲ့ ပဋိစ္စသမုပ္ပါဒ်ကို စာပေဖတ်ရှု ၊ တရားနာကြားပြီး စာတွေ့ ၊ နာတွေ့ သိတာမျိုး မဟုတ်ဘဲ
( စက်ဝိုင်းထောက် ရှင်းပြတဲ့ ဆရာ့အပြောနဲ့ လွမ်းနေတဲ့ သိတာမျိုး မဟုတ်ဘဲ ) ပေါ်ဆဲရုပ်နာမ်ကို ပေါ်ဆဲအခိုက်မှာ သတိပဋ္ဌာန်နည်းကျ ၀ိပဿနာ ကိုယ်တိုင်ရှုပွားလို့ ငါတွေ့သိကြတဲ့ သောတာပန် ၊
သကဒါဂါမ် ၊ အနာဂါမ် အရိယာပုဂ္ဂိုလ်တွေတောင်မှ မောဟပိုက်ကွန်ကို ပါးသထက် ပါးလှပ်အောင်ပဲ
တတ်နိုင်ကြပါသေးတယ် ။

ရဟန္တာဖြစ်မှပဲ မောဟပိုက်ကွန် လုံးဝ ပြတ်တောက်သွားပါတယ် ။ ရဟန္တာမဖြစ်သေးသမျှတော့ ကုသိုလ်ပြု
နေတုန်း ပြုနေဆဲ အခိုက်အတန့် ခဏလေးမှာတောင် မောဟပိုက်ကွန်က ငြိမ်သက်ကိန်းဝပ် အငုပ်ဓာတ်အနေနဲ့ ရစ်ပက်ချုပ်နှောင် ထားဆဲပါပဲ ။

ဆက်ရန်ရှိသည် ။

No comments: