Welcome To The skywhitegirl Blogspot

Welcome   To The  skywhitegirl Blogspot

Saturday, December 27, 2008

အနှိုင်းမဲ့ပိုက်ကွန်(၁)


လောကမှာ ရှိရှိသမျှ ပိုက်ကွန်အားလုံးထဲမှာ မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန် ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ မောဟပိုက်ကွန်ထက်ပိုပြီး သတ္တ၀ါတွေကို ငြိယှက်ဖုံးကွယ်တတ်ပါတယ် ၊ ချုပ်နှောင်ဖမ်းဆီး တတ်ပါတယ်လို့ နှိုင်းယှဉ်စရာ ၊ အစားထိုးစရာ ၊ ထပ်တူပြုစရာ တခြားပိုက်ကွန် မရှိတော့လို့ပါပဲ ။

မောဟပိုက်ကွန်နဲ့ လဲလှယ်သင့် လဲလှယ်ထိုက်တဲ့ တခြားပိုက်ကွန် လောကမှာ မရှိတော့တဲ့အတွက် မောဟပိုက်ကွန်ဟာ အနှိုင်းမဲ့ပိုက်ကွန် ဖြစ်ရပါတယ် ။

ပိုက်ကွန်ဆိုတာ မိမိအတွင်း ၀င်ရောက်လာတဲ့ တ္တ၀ါတွေကို ချုပ်နှောင်ထားတတ်တဲ့သဘော ရှိပါတယ် ။ ပိုက်ကွန်အတွင်း သက်ဆင်းကျရောက်သွားတဲ့ သတ္တ၀ါတွေဟာ ပိုက်ကွန်ရဲ့ အပြင်ဘက်ကို ပြန်ရောက်ဖို့ မလွယ်တော့ပါဘူး ။ လွတ်ထွက်ဖို့ သိပ်ခက်ပါတယ် ။

ပိုက်ကွန်ထဲမှာ နေရတော့ရာ စိတ်ချမ်းချမ်းသာသာ နေရသလားဆိုတော့ မနေရပါဘူး ။ မကြာခင်မှာ သေရတော့မယ်ဆိုတဲ့ အသိနဲ့ စိတ်ပင်ပန်းဆင်းရဲစွာ နေရပါတယ် ။ မလွဲမသေ ကြုံတွေ့
ရတော့မယ့် သေခြင်းတရားကို အနီးကပ်စောင့်စားရင်း စိတ်နှလုံးထိပ်လန့် တုန်လှုပ်စွာ ပူလောင်နေရပါတယ် ။ ပိုက်ကွန်ထဲရောက်နေမှန်း သိပါရက်နဲ့ ၊ ပိုက်ကွန်မိနေမှန် သိပါရက်နဲ့ ပျော်နေတဲ့ သတ္တ၀ါ ၊ စိတ်ချမ်းသာနေတဲ့ သတ္တ၀ါကတော့ အင်မတန့်ကို မိုက်မဲလွန်း ၊ ထူအ , လွန်းလို့ ဖြစ်ပါလိမ့်မယ် ။

ွှသတ္တ၀ါတွေကို လွတ်မြောက်ချမ်းသာခွင့် မပေးဘဲ ကျပ်တည်းဆင်းရဲစွာ ချုပ်နှောင်ငြိယှက် ထားတတ်တဲ့ ပိုက်ကွန်တွေထဲမှာ မောဟပိုက်ကွန်ဟာ အဆိုးဝါးဆုံး ပိုက်ကွန် ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ မောဟပိုက်ကွန်ဟာ ပြတ်တောက်အောင် ဖြတ်ဖောက်ဖို့ အခက်ခဲဆုံး ပိုက်ကွန် ၊ အထူထပ်ဆုံး ပိုက်ကွန် ဖြစ်နေလို့ပါပဲ ။

အပြင်လောကမှာရှိတဲ့ ငှက်ဖမ်းပိုက်ကွန် ၊ ငါးဖမ်းပိုက်ကွန် ၊ သားကောင်ဖမ်းပိုက်ကွန်တွေက ငှက်တွေ
ငါးတွေ ၊ သားကောင်တွေရဲ့ ကြိုးပမ်းအားထုပ်မှုကြောင့် တစ်ခါတစ်ရံမှာ အလွယ်တကူနဲ့ ပြတ်တောက်ကောင်း ပြတ်တောက်သွားနိုင်ပါတယ် ။ ဒါတောင်မှ သိပ်တော့ မလွယ်လှပါဘူး ။

မောဟပိုက်ကွန်ကတော့ အမိခံသတ္တ၀ါတွေ လောကနည်းလမ်းနဲ့ ဘယ်လိုပဲ ကြိုးပမ်းအားထုပ်အားထုပ် ၊
ဘယ်တော့မှ မပြတ်တောက်နိုင်ပါဘူး ။ ဓမ္မနည်းလမ်းနဲ့ ကြိုးပမ်းအားထုပ်တာတောင်မှ လွယ်လွယ်ကူကူနဲ့
ပြတ်တောက် မသွားနိုင်ပါဘူး ။ ပိုက်ကွန်အထပ်ရေ များပြီးထူထဲလွန်းလှတဲ့အတွက် ခက်ခက်ခဲခဲ
ဖြတ်ဖောက်မှ ပြတ်တောက်နိုင်ပါတယ် ။

သတ္တ၀ါတွေကို လွှမ်းခြုံရစ်ပတ်ထားတဲ့ မောဟပိုက်ကွန်က အထပ်ရေပေါ်င်း ကိုးထပ်တောင် ချုပ်စပ်ထားပါတယ် ။ ကိုးထပ်ချုပ်ပိုက်ကွန်ကြီးကို ထိုးဖောက် ဖြတ်တောက်ပြီး လွတ်မြောက်ခွင့်ရဖို့ ဆိုတာကတော့ တော်ရုံတန်ရုံ စွမ်းအားမျိုးနဲ့ ဘယ်ဖြစ်နိုင်ပါ့မလဲ ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးရဲ့ အောက်ဆုံးအထပ်ကတော့ ကံနဲ့ ကံရဲ့ အကျိုးကို မသိတဲ့ မောဟပါပဲ ။ အထူထဲဆုံး ၊ အကြမ်းတမ်းဆုံး ပိုက်ကွန်အထပ်ဖြစ်ပါတယ် ။ သံသရာခရီးသွားတွေအတွက်.......
ကြောက်မက်ဖွယ် အကောင်းဆုံးပိုက်ကွန် လို့ခေါ်ရင် မမှားပါဘူး ။

သတ္တ၀ါတွေဟာ ကိုယ်ပြုတဲ့ကံ ၊ ကိုယ်လုပ်တဲ့ အလုပ်ရဲ့ အကျိုးကို ကိုယ်ကိုယ်တိုင်ပဲ ခံစားရတယ် ၊
ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် ၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ် ၊ လို့ ကံနဲ့ ကံရဲ့ အကျိုးလေးတောင်မှ မသိနားမလည်းလောက်အောင် မောဟ ထူပြောနေတဲ့သူဟာ (ဒါ အကုသိုလ်ကံ ၊ မကောင်းတဲ့အလုပ် ၊ မလုပ်သင့်ဘူး ၊ဆိုတာ ခွဲခြားဝေဖန်နိုင်စွမ်း လုံးဝ မရှိတဲ့အတွက် ကုသိုလ်ကံတွေကိုလည်း ဆည်းပူးစုဆောင်းဖြစ်မှာ မဟုတ်သလို အကုသိုလ်ကံတွေကိုလည်း စွန့်ကြဉ်ရှောင်ရှားဖြစ်မှာ မဟုတ်တော့ပါဘူး။

စိတ်ရဲ့ ပင်ကိုသဘာဝက မကောင်းမှုမှာပဲ မွေ့လျော်တတ်တာမို့ ကုသိုလ်မှန်း ၊ အကုသိုလ်မှန်း ခွဲခြားမသိတဲ့
ပိုက်ကွန်မိ လူတစ်ယောက်အတွက် အကုသိုလ်တံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ် ။ ဒုစရိုက်တံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ်အယူမှား မိစ္ဆာဒိဋ္ဌိကြီးအားလုံးဟာ ကံ ၊ကံရဲ့ အကျိုးကို မသိ ၊ မမြင် ၊ မယြုံကည်မှုကနေ မြစ်ဖျားခံကြတာမို့ မိစ္ဆာဒိဋ္ဌိတံခါးကြီး အမြဲဟင်းလင်းပွင့်နေပါတယ် ။ ဟင်းလင်းပွင့် နေပါတယ် ။

အကုသိုလ်တံခါးကြီးရဲ့ ဟိုဘက် ၊ ဒုစရိုက်တံခါးကြီး ဟိုဘက် ၊ မိစ္ဆာဒိဋ္ဌိတံခါးကြီး ဟိုဘက်မှာတော့ အပါယ်လေးဘုံပဲ ရှိပါတယ် ။ အပါယ်လေးဘုံဟာ ကံနဲ့ ကံရဲ့ အကျိုးကို လုံးဝ မယုံကြည်သူတွေရဲ့ ကိုယ်ပိုင်အိမ်ပါပဲ ။ လယ်တီဆရာတော်ဘုရားကြီးရဲ့ စကားနဲ့ ပြောရရင်တော့ အပါယ်ထိုထို ၊ ဥဒဟိုသည် ၊ နင်လိုလူမိုက်သွားလမ်းတည်း ပေါ့ ။

ကိုးထပ်ချုပ် မောဟပိုက်ကွန်ကြီးရဲ့ နောက်အထပ် သုံးထပ်ကတော့ ရှေးဘ၀ကို မသိတဲ့ မောဟ ၊ နောင်ဘ၀ကို မသိတဲ့ မောဟ ၊ ရှေးဘ၀ ၊ နောင်ဘ၀ နှစ်ခုလုံးကို မသိတဲ့မောဟ တို့ဖြစ်ပါတယ် ။




1 comment:

may16 said...

သတိထားစရာတွေကို ရေးပြသွားတဲ့ပို့စ်လေးပါ
မှတ်သားစရာတွေယူသွားပါတယ်.